စွမ်းလောက်နိုင်သူ ချည့်ပါတကား....။
လူမည်သည် အောက်ခြေအလုပ်သမား မှ အစထား၍ အဆင့်မြင့်တာဝန်ထမ်း ပုဂ္ဂုလ်များအဆုံး သူ့နေရာ သူ့ဒေသအလိုက် အားကိုးထိုက်သော စွမ်းရည်ရှင်များအဖြစ် ရပ်တည်နေသည့် သက်ရှိများဖြစ်သည်။
သာဓကအားဖြင့် စွန့်ပစ်ပစ္စည်းသည် လမ်းလယ်ပေါ်တွင် အညစ်အကြေးအဖြစ် တည်ရှိနေသော်လည်း ဥယျာဉ်စိုက်ခင်းတို့တွင်မူ မြေသြဇာအဖြစ်တန်ဖိုးတစ်ခုကို ဆောင်ကြဉ်းလျက်ရှိသည်။
ထို့အတူ တမင်းတွင် ပါလာသာ စပါးစေ့သည် အမှိုက်ဖြစ်နေသော်လည်း ပျိုးခင်းချစပါးစေ့တစ်စေ့သည်
ကား ပျိုးပင်များကိုလည်းပွားနိုင်၏။ အသီးအနှံများစွာကိုလည်း ဖြစ်ထွန်းစေနိုင်၏။ ဤကားနေရာအလိုက် တန်ဖိုးတိုက်ကြည့်ခြင်းသာ....။
ဋ္ဌာနအလျောက် အရေးရောက်ရသည်ကဲ့သို့ ဋ္ဌာနအလိုက် အရေးအိုက်ရသည်များလည်းဖြစ်ပေါ်နိုင်ခြင်း
ပင်။
ဘီလုံးငှက်သည် ဋ္ဌာနလွဲမှားစွာ နယ်ကျွံမိ၍ စွန်ရဲ၏သုတ်ချီခြင်းကို ခံရ၏။ ဤမှ ထွန်စာခဲများကြားသို့ ကံ
အားလျော်စွာ ရောက်ရှိကာ စွန်ရဲအား ရင်ကွဲရုံမျှမက သေပွဲကိုပါ ကြုံစေနိုင်ခဲ့၏။ နေရာအယူမှန်၍ အောင် ပွဲခံရခြင်အကြောင်း ဘုရားဟောဒေသနာတရားပင် ဖြစ်ပါ၏။
ဆေးကြောင်အိမ်တွင်ထားရှိရမည့် ဆေးမှုန့်ဗူးကို မီးဖိုချောင်တွင်ထားရှိမိ၍ လွဲမှားသုံးစွဲကာ ဒုက္ခရောက် ရခြင်းသည် အထားအသို မှားခြင်း၏ နှုတ်လဒ်ကို အဆုံးအဖြတ်ပေးပါ၏။
နေရာ နှင့် ယှဉ်တွဲလာသည်ကား အထားအသို...။
စင်ခြင်းတူသော်လည်း ဖိနပ်စင်တွင် စာအုပ်မထားသင့်သကဲ့သို့ စာအုပ်စင်တွင်လည်း ဖိနပ်တင်ထား၍ မရကောင်းပေ။
အလားတူ ဆိုင်ခြင်းတူသော်လည်း အရက်ဆိုင်များ၊လောင်းကစားဆိုင်များတွင် လူမစည်ကားသင့်
သော်လည်း လူစည်ကားနေကြသည်။ လူပျက်ပြင်ဆိုင်များတွင် လူစည်ကားသင့်သော်လည်း အ၀င်အထွက် ကျဲ၍ စိတ်ဝင်စားသူနည်းပါးလှသည်။ ဤသို့ဖြစ်ရခြင်းမှာ စိတ်ဓါတ်အထားအသိုများ လွဲမှားနေခြင်းကြောင့် သာ.....။( ဤတွင် လူပျက်ပြင်ဆိုင် ဟူသည် စာကြည့်တိုက်များ၊ Learning Centre များကို ဆိုလိုပါသည်)
ပစ္စည်းအထားအသို၊ လူအထားအသို လွဲမှားခြင်းသည် လောကီစီးပွားရေးနှင့် ကျမ္မာရေး ဆုတ်ယုတ်နိုင် ခြင်းတို့ထက် မည်သည့်အကျိုးမျှ မပိုနိုင်ပေ။
သို့သော် စိတ်ဓါတ်အထားအသို လွဲမှားခြင်းကား လောကီအရေးတို့နှင့်မယှဉ်သာသော အကုသိုလ်တိုး
ပွားခြင်းအကြောင်းရင်း ဖြစ်ပါ၏။ အကုသိုလ်အကြောင်းတရားတို့ တိုးပွားလာသည်နှင့်အမျှ အကုသိုလ်အ
ကျိုးပေးကား မလွဲဧကန် ခံစားကြရမည် ဖြစ်ပါ၏။
စိတ္တေန နိယျတိ လောကော။
စိတ္တေန-စိတ်သည်၊ လောကော-လောကကို၊ နိယျတိ-ဦးဆောင်၏။
လူအပါအ၀င်သက်ရှိသတ္တ၀ါတို့၏ ဘ၀အဆင့်အတန်းကို ၎င်းတို့၏စိတ်ဓါတ်ကပင် ဦးဆောင်ဖန်တီး
နေပါ၏။ ဘ၀အရည်အသွေး မြင့်မားလိုသူတိုင်းသည် စိတ်ဓါတ်အရည်အသွေးများ မြင့်မားလာအောင် ကျင့်
ကြံအားထုတ်ရပေမည်။ ထိုသို့ကျင့်ကြံအားထုတ်ရာတွင် အကုသိုလ်တရားတို့မှရှောင်ကြဉ်၍ ကုသိုလ်တရား
များ တိုးပွားစေရပါမည်။
ပါပသမိံ ရမတိ မနော၊
မနော-စိတ်သည်၊ ပါပသမိံ -မကောင်မှု၌၊ ရမတိ-မွေ့လျော်တတ်၏။
စိတ်သည် မကောင်မှု၌ပျော်မွေ့တတ်သည်ဟု ဗုဒ္ဒဟောကြားထားပါ၏။ သို့ရာတွင် စိတ်သည်
ကောင်းမှု၊ မကောင်းမှုများ၌ မျောမိမျောရာ မျောတတ်သောသဘောလည်းရှိပါ၏။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စိတ်ကို ကောင်းမှုများ၌ မျောစေမည်လော၊ မကောင်မှုများ၌ မျောစေ
ကြမည်လော....။ စိတ်တည်းဟူသောအရာကိုကုသိုလ်ကောင်းမှုနေရာများ၌ထားသိုမည်လော။အကုသိုလ်
နေရာများ၌ ထားသိုကြမည်လော...။
စိတ်ဓါတ်အထားအသိုများသည် ကျွန်ုပ်တို့၏ ဘ၀အနိမ့်အမြင့်များကို ဖန်တီးနေသည့်အချက်များ
ဖြစ်သည်ကား မမေ့အပ်ပေ။
မိမိကိုယ်ကို မိမိ ကြည်ညိုခြင်းကိုတည်ဆောက်နိုင်ရန် စိတ်အထားအသို မှန်ကန်စေလျက် ကုသိုလ်တရားတို့၌ ၀ိရိယထားရပေမည်။ ဗဟိဒ္ဓအသွင်အားဖြင့်လည်းကောင်း ၊ အဇ္ဈတ္တအသွင်အားဖြင့်
လည်းကောင်း၊ စိတ်ဓါတ်အထားအသိုမှန်ကန်ရေးသည် အထူးပင်အရေးကြီးလှပါ၏။ အကုသိုလ်ဆန္ဒများကို
ချုပ်တည်းခြင်းဖြင့် ကုသိုလ်တရားတို့ တိုးပွားစေကာ မဂ္ဂင်ဖောင်စီး နိဗ္ဗာန်ခရီးကို တွင်တွင်နှင်နိုင်ကြမည်ဖြစ်
ပေသည်။
ရုပ်ကိုလည်းပြင် နာမ်လည်းပြင်၍ နေရာနှင့်အထားအသိုများကို မှန်မှန်ကန်ကန် အသုံပြုနိုင်ရန် ဂရုဓမ္မပြုကြပါစို့....
ဘ၀ဇာတ်ခုံ သုံးဆယ့်တစ်ဘုံတွင်.....
ကံအရေခြုံထား ကောင်ကံများဖြင့် လုံကြပါစေ.....။
မေတ္တာဖြင့်
ကျော်ကျော်ဦး
No comments:
Post a Comment